ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဒေသခန့်ဝန်ထမ်းတစ်ဦးဖြစ်သူ ဉီးပြည့်စုံဝင်းမောင်သည် ၂၀-၄-၂၀၂၀ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်းတံတားအနီးတွင် ၎င်းမောင်းနှင်လာသည့် မော်တော်ယာဉ်အား တိုက်ခိုက်ခြင်း ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အင်္ဂါနေ့ နံနက်စောစောက ကွယ်လွန်သွားကြောင်း အထူးဝမ်းနည်းစွာဖြင့် ကြားသိရပါသည်။ ယင်းဖြစ်ရပ်မှာ WHO တံဆိပ်အမှတ်အသား ထင်ရှားစွာတပ်ဆင်ထားသော မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်ခြင်း ဖြစ်သည့်အပြင် ယင်းမော်တော်ယာဉ်သည် COVID-19 ရောဂါ သံသယရှိလူနာများ၏ နှာခေါင်းတို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် ထွက်ခွာလာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည့်အတွက် ပိုမို၍ပင် တုန်လှုပ်မိပါသည်။
မြန်မာအစိုးရအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဝန်ထမ်းတစ်ဉီး အသက်ဆုံးရှုံး ခဲ့ရသည့်အတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်ရစ်သူမိသားစုတို့အား အထူးစာနာထောက်ထား ဝမ်းနည်း ကြေကွဲမိ ပါကြောင်း ဖေါ်ပြလိုပါသည်။ COVID-19 ကပ်ရောဂါအား တိုက်ဖျက် ရေးအတွက် မြန်မာအစိုးရ၏ မဆုတ်မနစ် ကြိုးပမ်းမှုများကို ကူညီပံ့ပိုး ရန် လူသားချင်းစာနာထောက်ထားမှုတာဝန် ထမ်းဆောင်နေသည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ မော်တော်ယာဉ်တစ်စီးအပေါ် ယင်းသို့သော ပြစ်တင် ရှုံ့ချဖွယ်ရာလုပ်ရပ် ကျူးလွန်ခဲ့ခြင်းအတွက် မြန်မာအစိုးရ အနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိပါသည်။
မြန်မာအစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့များကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများရှိလင့်ကစား ကမ္ဘာ့ကပ်ရောဂါဘေး ကျော်လွှားနိုင်ရေးအတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အတူတကွ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ အစိုးရအနေဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် သွားရေးအတွက် လည်းကောင်း၊ ယခုကဲ့သို့ ရှုံ့ချဖွယ်လုပ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ကာကွယ်တားဆီးရေး အတွက်လည်းကောင်း၊ ဆောင်ရွက်သွားရန် ခိုင်မာစွာ ဆုံးဖြတ်ထား ပါကြောင်း ဖေါ်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၁ ရက်